Monday, April 21, 2008

ပိုလီဂမ်မစ် (Polygamist)


FLDS ဘုရားကျောင်းဝင်း



FLDS အမျိုးသမီးများ ( ဂါဝန်ရှည်များဖြင့် )


ခုတလော အလုပ်လုပ်လည်းဒီစိတ်၊ သွားလည်းဒီစိတ်၊ တနုံနုံနဲ့ ရင်ထဲမှာ ကလိကလိ ဖြစ်နေလို့ မနေနိုင် မထိုင်နိုင် ဒီကြောင်းလေးကို ရေးလိုက်ခြင်းဖြစ်ပါတယ်။ အမေရိကန်၊ တက်ကဆက်ပြည်နယ်၊ အလ်ဒိုရာဒို မြို့မှာ ဖြစ်ပွားခဲ့တဲ့ အကြောင်းလေးပါ၊ ဘလောဂ့်ဂါ မောင်နှမတွေ စိတ်ဝင်စားလိမ့်မယ် လို့ယုံကြည် စွာပြန်လည် လက်ဆင့် ကမ်းလိုက်တာပါ။

နောက်ပိုင်းတက်ကဆပ် (Texas) ပြည်နယ်က၊ အလ်ဒိုရာဒို (Eldorado) မြို့လေးမှာ မိန်းမ( ဇနီး အဖြစ်သော်၎င်း) မြောက် မြားစွာယူလို့ရတဲ့ ဘာသာရေး အသင်းတခုက အသက်မပြည့်သေးသော် အမျိုးသမီး (၁၈ နှစ်အောက်) တွေကို အသက် ၅၀ ကျော် အဖိုးကြီးများနဲ့ လက်ဆက်ပေးခြင်းများ လုပ်နေကြပါတယ်။ တချို့ကို မိဘများ ကိုယ်တိုင်က လက်ဆက်ပေးတာပါ။ မိဘစကား၊ ဘာသာရေး ခေါင်းဆောင်တွေရဲ့ စကားကို မလိုက်နာတဲ့သူတွေက အသင်းတော်ကိုဆန့်ကျင်ပြီး၊ ကောင်းကင်ဘုံကို မရောက်ဘူးလို့ ခံယူထားကြတယ်။

အဲဒီဘာသာရေး အသင်းကြီးက ဘယ်လိုပုံ ဘယ်လိုနည်းနဲ့ တက်ကဆပ်ပြည်နယ်ကို ရောက်လာသလဲဆိုရင် လွန်ခဲ့သော လေးနှစ်လောက်က အလ်ဒိုရာဒိုမြို့၊ ရှက်လီချယ် (Schleicher County) ကျေးရွာကို ဂါဝန်ရှည်ဝတ်သော အမျိုးသမီးများ၊ ရှေးခောတ်ဆန်သော အဝတ်များနှင့် အမျိုးသားများ၊ ကလေးများ ပြောင်းရွှေ့လာကြပါတယ်၊ ယူတာနဲ့ အာရီဇိုးနား ပြည်နယ်ဘက် ကနေပြောင်းရွှေ့လာကြတယ်လို့ ဆိုပါတယ်။ ယူတာပြည်နယ်မှာ အများဆုံးဖြစ်တဲ့ မာမွန် ဘာသာရေးဂိုဏ်းမှ ခွဲထွက်သွားကြသူများလို့ ဆိုကြပါတယ်။ မာမွန်တွေက လူတယောက် မိန်းမ မြောက်မြားစွာယူတဲ့ စံနစ်ကိုလက်ကိုင်ထားတာလေ၊ အစိုးရကိုနယ်မြေ သတ်မှတ်ပေးဖို့တောင်းဆိုတယ်၊ ဒါကို အမေရိကန် အစိုးရကလည်း မိန်းမမြောက်မြားစွာ ယူတဲ့စံနစ်ကို ဖျက်သိမ်းဖို့ ပြန်လည်တောင်းဆိုပြီး နှစ်ဘက် သဘောတူညီမှု့ကို ၁၈၉၀ ခုနှစ် မှာရယူ ဆုံးဖြတ်ကြတယ်၊ ဒီလိုလုပ်တာကို မှားတယ်လို့ ယူဆသူများက သပ်သပ်ခွဲထွက်ပြီး တက်ကဆပ်ပြည်နယ်ဘက်သို့ ရွှေ့ပြောင်းသွားတယ်လို့ဆိုပါတယ်။ မိန်းမမြောက်မြားစွာယူခြင်းက အမေရိကန်ရဲ့ တရားဥပဒေနဲ့ ဆန့်ကျင်ပါတယ်၊ တရားဝင်ကွာရှင်းပြီးမှ ဆိုရင်တော့ နောက်တယောက်ကို လက်ထပ်လို့ ရတာပေါ့။

လူဦးရေ ၂၈၀၀ ခန့်သာရှိတဲ့ ကျေးရွာလေးက ဖော်ရွှေစွာနဲ့ ကိတ်၊ ပန်းခြင်းများနဲ့သွားရောက် မိတ်ဖွဲ့ခဲ့ပေမဲ့ လူသစ်များဟာ တုန့်ပြန်မှု့ မရှိသလို၊ လာရောနှောခြင်းလည်း မရှိကြဘူး၊ ဧကပေါင်း ၁၇၀၀ ကျော်ရှိတဲ့ နယ်မြေမှာ
သီးသန့်နေကြပါတယ်။ အဲဒီဒေသက ဒီလိုနယ်မြေတွေကို သားကောင်တွေပစ်ခတ်ဖို့၊ ထိန်းသိမ်းဖို့၊ ကိုယ်ပိုင်လမ်းသွယ်တွေဖောက်ဖို့၊ အပန်းဖြေစခန်းများဆောက်ဖို့ ဝယ်ယူလို့ရပါတယ်။ အရင်ကလည်း ဆီကုပဏီတွေက ဒီလိုဘဲလုပ်လာကြတာ၊ သူတို့က ကိုယ်ပိုင်လုပ်ငန်းလုပ်ဖို့လို့ ဆိုကြပေမဲ့နောက်မှ သူတို့ရဲ့စစ်မှန်တဲ့ ရည်ရွယ်ချက်ကို ကျေးရွာကလူတွေသိကြတာလေ။ ဒါကြောင့်အသစ်ရောက်လာသော လူအုပ်စုကြီးကလည်း ဧကပေါင်းမြောက်မြားစွာကို ဝယ်ယူနိုင်ခဲ့တာပေါ့။ အိမ်ဆောင်၊ အဆောက်အဦးများကို ပြင်ပ ကအင်ဂျင်နီယာတွေကို ခေါ်ယူပြီးဆောက်လုပ် နေထိုင်ကြပါတယ်။
ဒီလိုသီးသန့် ဘယ်သူနဲ့မှလည်း သွားရောက်ရောနှောခြင်း မပြုဘဲ ဘာသာရေးဂိုဏ်း Fundamentalist Church of Jesus Christ of Latter Day Saints or FLDS ( အခြေခံကျသော ယေရူအသင်းတော်၏ ယနေ့ခေတ်ကာလ ပရောဖက်များ၊ အက်ဖ်အလ်ဒီအက်စ်) တခုအနေနဲ့ သီးခြားကမ္ဘာ တခုလို နေလာခဲ့တာ၊ ဧပြီလ ပထမပတ်ထိအောင် ပါဘဲ။ အမေရိကန် အစိုးရအနေနဲ့ကလည်း ဝင်ရောက်ဖက်စွက်ခြင်း မပြုဘူး၊ ဝါးဆော(နောက်မှ အခွင့်ကြုံရင် ဖော်ပြပါအုံးမည်) အရေးကလည်း ဖြစ်ခဲ့ဘူးတာကိုး၊ အဲဒီလို အဖြစ်အပျက်မျိုး ထပ်အဖြစ်မခံနိုင်တော့ဘူးလေ။

ဧပြီလ ပထမပတ်မှာ အမေရိကန် အစိုးရနဲ့ အက်ဘီအိုင် (FBI) တို့က အက်ဖ်အလ်ဒီအက်စ် ခြံဝင်းကို ဝင်စီး၊ အထဲမှာရှိနေတဲ့ ကလေး ပေါင်း ၄၁၆ ယောက်ကို ခြံဝင်းကျယ်ကြီးကနေပြီး မိဘများရဲ့ ရင်ခွင်မှ အစိုးရရဲ့ အုပ်ချုပ်မှု့အောက်မှာထိန်းသိမ်းထားလိုက်ပါတယ်၊ အကြောင်းရင်းက အသက်မပြည့်သေးသော် မိန်းကလေး တဦး (၁၆ နှစ်) က နယ်မြေမှာရှိတဲ့ အရေးပေါ်ဖုန်းလိုင်းကိုခေါ် ပါတယ်၊ သူမရဲ့ အသက်၅၀ ရွယ် လင်ယောကျာ်းက နှိပ်စက်နေတယ်ဆိုလို့ပါ။ (ဒါပေမဲ့ အဲဒီဖုန်းခေါ်သူ ကလေးမကို ခုထိရှာမတွေ့သေးပါဘူး။ )
ကလေးတွေက သုံးပုံ နှစ်ပုံက အသက်လေးနှစ်အောက်များ ဖြစ်ပြီး ကျန်တဲ့သူများက ၁၇နှစ် အောက်များဖြစ်ပါတယ်။ ကလေးတွေကိုအမေဘယ်သူလဲ ဆိုတော့ ဖခင်ဖြစ်သူ၏ ဇနီးအားလုံးကို အမေဟု ခေါ်ပြီး၊ ကျန်တဲ့ ယောက်ျားမှန်သမျှကို ဦးလေးလို့ ခေါ်နေတာကြောင့် ဘယ်ကလေးက ဘယ်သူ့ရဲ့သွေး ဆိုတာပြောဖို့ အခက်တွေ့နေတယ်လို့ တက်ကဆပ်ပြည်နယ်၊ တာဝန်ရှိလူမူဝန်ထမ်းများက ဆိုပါတယ်။

ဧပြီလ ၁၄ရက်နေ့ကတော့ တရားရင်ဆိုင်ကြပါတယ်၊ တဖက်က မိဘများနှင့် ရှေ့နေများ၊ တဖက်က အစိုးရ လူမူဝန်ထမ်းများနှင့် ရှေ့နေများ၊ ရှေ့နေ အယောက် ၁၀၀ လောက်စုရုံးနေတဲ့ တရားခွင်ကြီးက အမေရိကန်ပြည်ရဲ့ ပထမဆုံးနဲ့ ဆူညံပွက်လော အရိုက်ဆုံး တရားခွင်ကြီးဖြစ်ခဲ့ ပါတယ်။ တရားသူကြီးချုပ်ကိုယ်တိုင်က တော်တော် ကိုထက်မြက်ပြီး ပိုလီယိုရောဂါကြောင့် ခုချိန်ထိ၊ ခြေထောက်ကို သံစွပ်ပြီး လျှောက်နေရတဲ့သူပါ၊ အကောင်းဆုံးဖြစ်အောင် စီရင်ချက်ချမယ်လို့ ဂတိပြုလိုက်တဲ့ သူပါ။ တနင်္လာနေ့ကတော့ ကလေး၊ မိဘ အားလုံးရဲ့ ဒီအင်အေ ကိုယူပြီး၊ ဘယ်သူက ဘယ်သူနဲ့ သက်ဆိုင်တယ်၊ ဆိုတာတွေကို အရင်စစ်ဆေးမယ်လို့ဆိုလိုက်တယ်။ ဒီ အတောအတွင်းတော့ သက်ဆိုင်ရာ အစိုးရ၊ လူမူဝန်ထမ်းတွေကဘဲ ကလေးတွေကို စောင့်ရှောက်ရမှာဖြစ်တယ်။ မိဘတွေအနေနဲ့ ကလေးကို ပြန်လည်ခေါ်ယူခွင့် ရှိမရှိ ဆိုတာကိုတော့၊ ဒီအင်အေ အဖြေရမှဘဲ၊ ကာယအားဖြင့် သော်၎င်း၊ စိတ်ဓာတ်အားဖြင့်သော်၎င်း၊ နှိပ်စက်ခံရခြင်း ရှိမရှိ ဆိုတဲ့အပေါ် မူတည်လိမ့်မယ် လို့ ပြောကြားထားပါတယ်။ အဖြေရဖို့ဆိုတာကလည်း တလလောက်တော့ကြာအုံးမှာဖြစ်ပါတယ်။


တရားခွင် အပြန်

သာမန်အားဖြင့်တော့ ဒါဟာသတင်းတပုဒ်ပါဘဲ၊ ဒါပေမဲ့ကျမရင်ထဲမှာ အော်ပြီးမေးလိုက်ချင်တယ် အမေလုပ်တဲ့သူများကို။ ယောကျာ်းဖြစ်သူများက ကောင်းကင်ဘုံကိုရောက်ဖို့ မိန်းမမြောက်မြားစွာယူပြီးထား၊ ဒါကိုဖြည့်စွမ်းပေးခြင်းအားဖြင့် သူတို့က ကောင်းကင်ဘုံရောက်ရောလား၊ ကမ္ဘာဦးကျမ်း ၃း ၁၆ မှာဖော်ပြထားတာ ကိုလွဲမှားစွာ ဆွဲသုံးနေကြတာလား၊ မွေးလာတဲ့ ကလေးများဟာ အိုင်ကရူ ၂၅ ရဲ့အောက်ကနေ တက်မလာတာကိုရော သတိထားမိရဲ့လား၊ ကလေးများဟာ အဖေတူပြီး အမေကွဲတဲ့ ညီအစ်ကို၊ မောင်နှမ အယောက်၂၀ ထက်မနည်းရှိနေကြတာကိုရော အမှတ်မှရကြရဲ့လားလို့လေ၊ ဘာသာရေးဆိုတာကို ခုတုံးလုပ်ပြီး၊ ကိုယ့်စိတ်ဓာတ် အာသာဖြေနေကြသောသူများ လို့ဘဲ အော်ပြောလိုက်ချင်တော့တယ်။ အမေရိကန် ပြည်ထောင်စုကြီးက လင်ယောကျာ်း မရှိဘဲ ကလေးမွေးလို့ရှိရင် ထောက်ပံ့ကြေးများပေးတတ်တာကို အလွဲသုံးစား လုပ်နေကြတာလား။ ပြောကြပေတော့ အမြင်တွေ။


6 comments:

စိုးထက် - Soe Htet ! said...

တစ်ကယ့် ကြောက်စရာ အယူမှားတွေ ... :(
ဘယ် ဘာသာရေးပဲ ဖြစ်ဖြစ် ဘာသာပြန်လွဲ ရင် ကြောက် စရာ ဖြစ်ရပ်တွေ ထွက်လာမှာ ပဲ ... မှန်ကန် ညီညွတ်တဲ့ အဆုံးအမ လိုတယ် :)

Welcome said...

ရင်သပ်ရှုမောစွာနဲ့ပဲ အသစ်အဆန်းသဖွယ် ဖတ်ရှုရပါတယ်။ လောလောလတ်လတ် အဖြစ်အပျက်မို့ ကြောက်စရာပါ။ ဘာသာရေးနဲ့ လူ့အခွင့်အရေး ဘယ်လို အားပြိုင်ကြမလဲ .. ..

ဆိုးသွမ်း said...

အံဖွယ် သတင်းတပုဒ်ပါပဲ မလားရှိုးသူရေ။ ဒီသတင်းက လေ့လာစရာပါပဲ။ တရားခွင် အဆုံးအဖြက်မှာ ဘယ်လို ဘယ်ပုံဖြစ်သွားတယ် ဆိုတာလေး ဆက်ရေးပါဦးဗျာ။ ပို့စ်လေး ကူးလိုက်မယ်နော်။ အဟဲ။

ဆိုးသွမ်း

မြန်မာပြည်ကိုလွမ်းတယ် said...

ကြောက်စရာကောင်းလိုက်တာနော်..။ဖတ်နေ
တာအစကနေအဆုံးအထိ စိတ်မချမ်းမသာနဲ့
တအံ့တသြကြီးဖြစ်ပြီးဖတ်နေရပါတယ်။နောက်
ထပ်ဘာတွေဖြစ်ကြသလဲဆိုတာလေးကိုတော့
ပြောပြပါဦးနော်။

Anonymous said...

Great presentation and analyzing Lashotu; But what's Mormon? I have learned that Mormon are not Christians as their interpretations are different from what Jesus said. I think it would be beneficial if you can put some basic history of Mormon because this kinds of news can affect images of Christians. Just an honest comment naw. Hope you don't mind. Blessed ya...

Apprenticeship said...
This comment has been removed by the author.