Showing posts with label ဖေဖေ့အတွက်။. Show all posts
Showing posts with label ဖေဖေ့အတွက်။. Show all posts

Monday, May 5, 2008

မေလ ငါးရက်နေ့ (သို့မဟုတ်) ဖေဖေ ခွဲခွာခဲ့သောနေ့


ဖေဖေ သမီးတို့ မိသားစုကို လောက အလည်မှာ ချန်ခဲ့တာ ( ဆယ် ) နှစ်တိုင်တိုင် ရှိခဲ့ပြီနော်။ ဖေဖေ လူ့လောကမှာ သမီးတို့နဲ့ အတူ မရှိနိုင်တော့ပေမဲ့ ဖေဖေ့ရဲ့ ဆိုဆုံးမမှု့တွေက သမီးရင်ထဲမှာ အမြဲရှင်သန်နေဆဲပါ။ တုတ်ကိုင်ပြီးတခါမှ မဆုံးမခဲ့ပေမဲ့ ဖေဖေပြောခဲ့တဲ့စကားနဲ့၊ အမူအကျင့်တွေဟာ သမီး ရင်ထဲမှာ အမြဲရှင်သန်နေဆဲပါ ဖေဖေ။ သူများ ဖခင်တွေလို ငွေကြေးဆိုတဲ့ အမွေတွေကို မထားခဲ့ပေမဲ့ လူ့ဘောင်စည်းမျဉ်းထဲက သူတပါးကို ကိုယ်ချင်းစာစိတ်၊ သနားကြင်နာစိတ်၊ ကူညီယိုင်းပင်းတဲ့စိတ်တွေ၊ ကိုယ့်ကိုယ်ကို အားကိုးတတ်တဲ့စိတ်၊ အထူးသဖြင့် ဘုရားကိုယုံကြည်ပြီး၊ ဆုတောင်းတတ်တဲ့စိတ်၊ ကျမ်းစာကိုအမြဲဖတ်ဖို့နဲ့ မိမိရဲ့တနေ့တာ အသက်ရှင်နေထိုင်မူ့ကို ဘုရားဆီကခွန်အားနဲ့ စတင်တတ်တဲ့ အကျင့်လေးတွေ အမွေကောင်း တခုအနေနဲ့ ရရှိခဲ့တာ ကျေးဇူးတင်လို့ မဆုံးဘူး ဖေဖေ။

ဒိုင်ယာနာမင်းသမီး၊ မာသာထရီဇာလို ဖေဖေ့ နောက်ဆုံးခရီးက မစည်ကားပေမဲ့ ယဉ်တန်းကြီး မြောက်မြားစွာနဲ့ လူပေါင်း ( ၅၀၀ ) လောက်က ဖေဖေ့ကို လိုက်ပို့ကြတယ်လေ၊ တဝက် ကျော်ကျော်လောက်က သမီးမသိပေမဲ့ အားလုံးဟာ ဖေဖေ့ရဲ့ စိတ်သဘောထား ဖြူစင်မှု့နဲ့ သူတပါးကို ယိုင်းပင်းကူညီ တတ်တဲ့ကြောင်း၊ ဖေဖေ့ရဲ့ ကောင်းသတင်းတွေ ပြောနေလိုက်တာ၊ သမီး အများကြီး ဂုဏ်ယူမိတယ် ဖေဖေ။

ရပ်ကွက်ထဲမှာရှိတဲ့ လူဆင်းရဲ၊ မိခင်မဲ့၊ ဘခင်မဲ့၊ အသက်ကြီးရွယ်အို အိမ်တွေဆို ဖေဖေ မြို့ကို ပြန်ရောက်တိုင်း လက်ဆောင်လေးတွေ ကိုင်ပြီး အလည်အပတ်သွား တတ်တဲ့ ဖေဖေ့ အကြောင်း တွေခုချိန်ထိ ပြောလို့မဆုံးနိုင်ကြသေးဘူး ဖေဖေ။

ဖေဖေဟာ မနက်တိုင်း ကိုယ်ခန္ဓာ ကျန်းမာရေးအတွက် လမ်းလျှောက်ပြီးအပြန်၊ ဘုရားကျောင်းထဲဝင် သမီးတို့မောင်နှမတွေအတွက်ရော၊ ဆွေမျိုး၊ မိတ်ဆွေသင်္ဂဟတွေ အတွက်ပါမကျန် အားလုံးအတွက် ဆုတောင်းပေးတတ်တဲ့ဖေဖေရေ၊ ဖေဖေ့ဆုတောင်းသံကို ဘုရားရှင်နားညောင်းပြီး သမီးတို့မောင်နှမတွေကို ကောင်းကြီးမင်္ဂလာများ တခုပြီးတခု မရေတွက်နိုင်အောင် ပေးမြဲ ၊ ရရှိနေဆဲပါ ဖေဖေ။

စိတ်မြန်၊ လက်မြန်ရှိတဲ့ သမီးကို ဘာမဆိုသေချာဆုံးဖြတ်နိုင်ဖို့နဲ့၊ အဆောတလျှင် ဆုံးဖြတ်ချက်မချဖို့၊ ဆုံးဖြတ်ချက်ချပြီးရင် ဖြစ်အောင်လုပ်ဖို့၊ ဂတိတည်တတ်ဖို့နဲ့၊ အလုပ်ဟူသမျှကို သေချာစေ့စပ်စွာ လုပ်တတ်ဖို့ သင်ပေးခဲ့တဲ့ ဖေဖေ့ကျေးဇူးတွေကြောင့် သမီးတို့ မောင်နှမတွေ တိုင်းတပါးမှာ အလုပ်ကိုယ်စီလုပ်နဲ့လုပ်ကိုင်ရပြီး၊ လုပ်ငန်းတိုင်းမှာ ချီးကျူး၊ ချီးမြောက်ခြင်းခံနေရဆဲပါဖေဖေ။

သမီးလုပ်ချင်တဲ့ အရာတွေဟာ ကောင်းတယ်မကောင်းဘူး၊ လုပ်သင့်၊ မလုပ်ထိုက်ဆိုတာကို သေချာနားလည်အောင် ရှင်းပြပြီး၊ ကိုယ်ပိုင်ရွေးချယ်ပိုင်ခွင့်ကို အမြဲပေးတတ်တဲ့ဖေဖေ၊ သားသမီးတွေ အတွက် အမြဲတမ်းမားမားမတ်မတ် ရင်ဆိုင်တတ်တဲ့ဖေဖေ့ရဲ့ စွမ်းဆောင်မှု့တွေ သမီးတို့မောင်နှမတွေ ခုထိခံစားနေရသေးတယ်ဖေဖေ။

စီးပွားရေးအတွက် အမြဲခရီးထွက်နေရတဲ့ဖေဖေဟာ သမီးလွမ်းပြီး ကျန်ရစ်မနေအောင်လို့ လက်ဖဝါးလေးမှာ တံတွေးဆွတ်ပြီး " I love you, Kaji" လို့နုတ်ဆက်တတ်တဲ့ဖေဖေ။ မိသားစုကို ချစ်ခြင်း၊ မေတ္တာတွေပြဖို့ဆို အမြဲ အတွေးသစ်၊ အကြံသစ်တွေ ရှိနေတတ်တဲ့ဖေဖေ၊ မွေးနေ့တိုင်း၊ ခရစ်စမတ်တိုင်း ဖေဖေ ဘာအထူးအဆန်းလုပ်အုံးမလဲဆိုတာ အမြဲတမ်း ရင်တခုန်ခုန်နဲ့ သမီးတို့မောင်နှမတွေ စောင့်နေတတ်ခဲ့တာ၊ ခုဆို သမီးတို့လဲ တယောက်နဲ့ တယောက်ရင်ခုန်အောင်လုပ်ရင်း မိသားစုရဲ့ ချစ်ခြင်းကို ခိုင်မာအောင် တည်ဆောက်နေဆဲပါ ဖေဖေ။

ဖေဖေ့ရဲ့ နောက်ဆုံးချိန်မှာ အေးစက်နေတဲ့ ဖေဖေ့လက်အစုံက နွေးထွေးတဲ့ ဖေဖေ့ နှလုံးသားကို ဖော်ကျူးနေသလို၊ နုတ်ခမ်းလေးတွေဟာလည်း၊ အား မငယ်တတ်ဖို့၊ လောကကြီးကို ပြုံးပြီး အနိုင်ယူနိုင်ဖို့ခွန်အားတွေပေးနေသေးတယ်ဖေဖေ။

ဖေဖေဟာ လောကကြီးမှာ မရှိတော့ပေမဲ့ သမီးနှလုံးသားမှာ အမြဲတမ်းရှင်သန်နေဆဲပါဖေဖေ။ ခုချိန်ထိတိုင်အောင် သမီးတွေအတွက် ကောင်းကင်ဘုံ တနေရာကနေပြီး၊ ဘုရားသခင်နဲ့ တိုင်ပင်၊ သမီးတို့ကို ကောင်းကြီး ပေးနေဆဲပါဖေဖေ။