Tuesday, May 6, 2008

မေးခွန်းတွေဖြေပါအုံး။


မြန်မာနိုင်ငံတောင်ပိုင်းမှာ တိုက်ခိုက်သွားသော် နာဂစ် မုန်တိုင်းကြောင့် အိုးမဲ့အိမ်မဲ့နဲ့ မသေမပျောက်ကျန်ရစ်ခဲ့သော တိုင်းသူပြည်သားများထံသို့ နိုင်ငံရပ်ခြား အသီးသီးမှ အကူအညီများ ထိရောက်စွာ လက်ခံနိုင်ဖို့ အထူးလိုအပ်နေပါတယ်။ နေ့တိုင်း သတင်းကိုကြည့်၊ ဖတ်၊ နားထောင် နေသော်ငြားလည်း ခုချိန်ထိ၊ ရွာလုံးကျွတ်နီးပါး အိုးမဲ့အိမ်မဲ့ ဖြစ်သွားသော်ကျေးရွာတွေကို ရေ၊ စားစရာ၊ ဆေးဝါး အကူအညီတွေရောက်ရှိကြောင်းနှင့်၊ ပုံတွေမတွေ့ရသေးတာ ဘာကြောင့်ပါလိမ့်၊ စဉ်းစားလို့မရပါ။ နိုင်ငံရပ်ခြားမှ အကူအညီပေးသော်သူများကို ပြည်ဝင်ခွင့်ပေးပြီး၊ လက်ကမ်းကူညီ ခွင့်မပေးသေးတာ ဘာကြောင့်ပါလိမ့်။ မုန်တိုင်းရောက်ရှိလာကြောင်းကို ကြိုတင်သိရှိပြီးသော စစ်အစိုးရသည် ရွာတွေထဲထိအောင် ပြင်ဆင်နိုင်ရန်အတွက် သတင်းကြိုတင် မပေးနိုင်တာ၊ ကူညီပစ္စည်းများ ဘယ်ပုံဘယ်နည်းနဲ့ အရောက်ပို့နိုင်မှာပါလိမ့်၊
'Give us money, we'll distribute it.'*** လို့တွင်တွင်ပြောပြီး နေသော စစ်အစိုးရကြီးက ဘယ်ထိခရီးတွင်လို့ ဆေးဝါး၊ ရေ၊ အစားအစာ တွေကူညီ ပြီးနေပြီလဲ။ ခေါင်းနှောက်အောင်စဉ်းစား အဖြေမထွက်လို့ လာရောက်ဖြေကြားပေးပါအုံး လို့။

***code from this web page; to read more go to

Click Here


2 comments:

Anonymous said...

Very good thinking sis.

စိုးထက် - Soe Htet ! said...

ညီညွတ်ရအောင်လို့ ပြောနေတဲ့လူတွေရှိသလို မုန်တိုင်းကို အကြောင်းပြုပြီး အစိုးရကို ထိုးနှက်တာတွေလဲ တွေ့ရပါတယ်။ လူထုတိုက်ပွဲဆက်လုပ်ဖို့ ပြောသလို၊ ကယ်ဆယ်ရေးလုပ်တာနှေးတယ်။ ကြိုတင်သတိပေးတာ မရှိဘူးလို့လဲပြောကြတယ်။ လော်ရာဘုရှ်ကတောင် ၀င်ပါလာသေးတယ်။ ဒါ့ကြောင့် မုန်တိုင်းနဲ့ပတ်သက်ပြီး အစိုးရလုပ်ခဲ့တာတွေကို Time Line ဆွဲကြည့်လိုက်တာပါ။

၁။ ဧပြီ ၃၀။ ပုသိမ်မြို့အနောက်တောင်ဘက် မိုင် ၄၈၀ အကွာမှာ နာဂစ်မုန်တိုင်း ပေါ်ပေါက်နေပြီး အရှေ့မြောက်ဘက်ကို ဦးတည်သွားနေတယ်လို့ မြန်မာ့အသံက ကြေညာတယ်။

၂။ မေ ၁။ နာဂစ်မုန်တိုင်းဟာ ပိုအားကောင်းလာပြီး တစ်နာရီ မိုင်တစ်ရာကျော်တိုက်နေတယ်။ အရှေ့မြောက်ကို ဦးတည်နေရာကနေ လမ်းကြောင်းပြောင်းပြီး အရှေ့ဘက်ကို ဦးတည်လာနေတယ်။ မုန်တိုင်းဗဟိုဟာ နောက် ၃၆ နာရီမှာ ဧရာဝတီတိုင်းကိုဖြတ်မယ်၊ မုန်တိုင်းဒီရေဟာ ၁၀ ပေထိ တက်နိုင် တယ်လို့ မြန်မာ့အသံက ကြေညာတယ်။

၃။ မေ ၂

- သတင်းစာတွေမှာ ဦးထွန်းလွင် ( ညွှန်ချုပ်၊ မိုး/ဇလ) က နာဂစ်မုန်တိုင်းနဲ့ ပတ်သက် တဲ့အချက်တွေကို ရှင်းပြတာကို ဖော်ပြထားတယ်။ ဦးထွန်းလွင်က မုန်တိုင်းဟာ မိုင် ၁၀၀ ကျော်အထိ တိုက်နိုင်တယ်။ ဒီနေ့ညမှာ မြန်မာနိုင်ငံထဲကိုဝင်မယ်၊ ပြင်ဆင်မှုတွေလုပ်ထားဖို့လိုတယ်လို့ ပြောသွားပြီး မုန်တိုင်းသတင်းကို ၂၄ နာရီ ရနိုင်တဲ့ ဖုန်းနံပါတ်တွေပြောသွားတယ်။ ရုပ်မြင်သံကြားနဲ့ ရေဒီယိုကနေ မုန်တိုင်းသတိပေးချက်တွေ ဆက်တိုက် ထုတ်လွှင့်ပေးနေတယ်။

- မြန်မာ့အသံက မုန်တိုင်းဟာ ဟိုင်းကြီးကျွန်းကို ဖြတ်နေပြီ ၊ ဒီနေ့ညမှာ ရန်ကုန် တောင်ဘက်က ဖြတ်မယ်။ တစ်နာရီ ၇၅ မိုင်နှုန်းနဲ့ တိုက်နိုင်ပြီး မုန်တိုင်းဒီရေဟာ ၁၂ ပေအထိ မြင့်တက်နိုင်တယ်လို့ သတိပေးခဲ့တယ်။

၎။ မေ ၃

- မနက်တစ်နာရီလောက်မှာ ရန်ကုန်ကို မုန်တိုင်းစဖြတ်ပါတယ်။

- မနက်ရှစ်နာရီမှာ ၀န်ကြီးချုပ်ဗိုလ်ချုပ်ကြီးသိန်းစိန်က နေပြည်တော်မှာ အရေးပေါ် အစည်းအဝေးလုပ်ပြီး ကယ်ဆယ်ရေးနဲ့ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေစလုပ်တယ်။

- မုန်တိုင်းဒဏ်ခံရတဲ့ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ်များကို သဘာဝ ဘေးအန္တရာယ်ကျရောက်ရာဒေသများအဖြစ် အစိုးရက ကြေညာသွားတယ်။

- ညနေပိုင်းမှာ ၀န်ကြီးချုပ် ရန်ကုန်ရောက်သွားတယ်။ မြန်မာ့အသံက ပျက်စီးမှုအခြေ အနေတွေကို စပြီး ကြေညာတယ်။

- စစ်တပ်၊ ရဲနဲ့ စည်ပင်သာယာဝန်ထမ်းတွေ လမ်းပေါ်က သစ်ပင်တွေကို စရှင်းတယ်။ ရန်ကုန်မြို့ပေါ်မှာ ရဟတ်ယာဉ်တွေ ပျံနေတယ်။

၅။ မေ ၎

- ဟိုင်းကြီးကျွန်း၊ ဘိုကလေး၊ လပွတ္တာမြို့တွေဆီကို ကယ်ဆယ်ရေး ရဟတ်ယာဉ်တွေ၊ သဘောင်္တွေ၊ မော်တော်ကားတွေ စထွက်တယ်။

- ရန်ကုန်မြို့ထဲလမ်းမကြီးတွေမှာ ကားတွေစသွားနိုင်တယ်။ ကူးတို့ဆိပ်တွေ ပြန်ဖွင့်လိုက်တယ်။

- သဘာဝဘေး ကာကွယ်ရေးစောင့်ရှောက်ရေးကော်မတီဝင် ၀န်ကြီး၊ ဒုဝန်ကြီးတွေအားလုံး ဘေးသင့်တဲ့ ဒေသတွေကို ရောက်ရှိသွားတယ်။ ရန်ကုန်မှာ ကယ်ဆယ်ရေး ပစ္စည်းတွေ စ ဝေတယ်။

- ရန်ကုန်မှာ တပ်မ ၁၁ ၊ တပ်မ ၇၇ တို့နဲ့ ကယ်ဆယ်ရေးလုပ်နေတယ်။ တပ်မ ၆၆ က ဧရာဝတီတိုင်းမှာ ကယ်ဆယ်ရေးလုပ်နေတယ်။

၆။ မေ ၅

- ၀န်ကြီးချုပ် ဧရာဝတီတိုင်းကို ရောက်သွားပြီး ကယ်ဆယ်ရေးလုပ်ငန်းတွေကို ကြီးကြပ်နေတယ်။

- ဧရာဝတီတိုင်းမြို့တွေက လူနာတွေကို ရဟတ်ယာဉ်များနဲ ရန်ကုန်ကို ရွှေ့ပြောင်း ပေးခဲ့တယ်။

- ပျက်စီးမှုများတဲ့ ဘိုကလေး၊ လပွတ္တာတို့ကို ကယ်ဆယ်ရေးယာဉ်တန်းတွေ ရောက်သွားပြီး ပစ္စည်းတွေ စဝေပေးနိုင်ခဲ့တယ်။

- နိုင်ငံခြားရေးဝန်ကြီးက သံတမန်တွေကို မုန်တိုင်းအခြေအနေနဲ့ ကယ်ဆယ်ရေးပစ္စည်း လိုအပ်ချက်များကို ရှင်းပြခဲ့တယ်။

- အင်တာနက်နဲ့ နိုင်ငံတကာဖုန်းဆက်သွယ်မှုပြန်ရတယ်။ နိုင်ငံတကာလေဆိပ်ကို ပြန်ဖွင့်လိုက်တယ်။

- မြို့တွင်းဖုန်းအချို့ပြန်အဆက်သွယ်ရတယ်။

- မြို့နယ်အချို့မှာ စည်ပင်သာယာက ရေပြန်ပေးနိုင်ခဲ့တယ်။ ရေကားတွေနဲ့ ဝေတယ်။

ဒီနေရာမှာ ကိုယ်တွေ့တစ်ခုတင်ပြချင်တာကတော့ ကျွန်တော့် မိတ်ဆွေတွေ၊ မိဘတွေဆီကို မေ ၂ မှာ ဖုန်းဆက်ပြီး သတိပေးတော့ သူတို့ တီဗွီကလဲကြားတယ်လို့ပြောတယ်။ ခပ်ပေါ့ပေါ့ပဲ။ သာမန် လေးငါးနာရီ လောက် လေကြီး၊ မိုးကြီးကျပြီး ပြီးသွားမယ်လို့ထင်နေတာပါ။ သူတို့တစ်သက်မှာ ဒီလိုမုန်တိုင်းမျိုး မကြုံဘူးတာ ကြောင့်ထင်ပါတယ်။ ဒီအချက်ကလဲ အသေအပျောက်များရတဲ့အထဲ မှာပါမယ်ထင်ပါတယ်။ နောက်ပြီး ကျွန်တော်တို့ ငယ်ငယ်ကနောက်လေ့ရှိတဲ့ ရွာရန်ရာနှုန်းပြည့်ဆိုရင် သေချာပြီး နေပူမယ်ဆိုသလို မိုးလေ၀သ ဌာန အပေါ် အယုံအကြည်နဲတာလဲ ပါနိုင်ပါတယ်။ အစိုးရ ထုတ်ပြန်ချက်တွေမှာ အားနည်းချက်တစ်ခုကတော့ မုန်တိုင်းလာမယ်ဆိုတာပြောပေမယ့် ကြိုတင်ပြင်ဆင်ရမယ့် လုပ်ငန်းများကို တိတိကျကျ မပြောဘဲ ပင်လယ်ပြင်မထွက်ရန်။ ကုန်းမြင့်များတွင် နေရန်လောက်ပဲ ပြောတာတွေ့ပါတယ်။ အစာရေစာစုထားဖို့၊ အိမ်တွေကို ဘယ်လိုပြင်ထားဖို့ဆိုတဲ့ အမေရိကန်လို တိုနေဒိုးမကြာခဏထိတဲ့ နိုင်ငံတွေမှာ ပြောနေကြ အချက်တွေ မပါပါဘူး။

ဘာပဲဖြစ်ဖြစ် အားလုံးကတော့ သိသလောက် နိုင်သလောက်လုပ်ခဲ့ကြ၊ လုပ်နေကြတာတော့ သိသာပါတယ်။ ခုချိန်မှာတော့ သင်ခန်းစာယူဖို့နဲ့ ဒုက္ခရောက်သူတွေကို ကူညီဖို့ပဲ ကြိုးစားရအောင်ဗျာ။ လော်ရာဘုရှ်တီးတဲ့ ဆိုင်းနောက် မလိုက်ရင်ကောင်းမယ်။ အေပီသတင်းမှာတော့ သြစတေးလျ နိုင်ငံခြားရေးဝန်ကြီးကတော့ လောရာဘုရှ်မှတ်ချက်နဲ့ပတ်သက်ပြီး ဒီလိုပြောသွားတယ်ဗျာ။ မှတ်သား စရာပါ---

I just don't think we're in a position to make that sort of judgment now given the difficulties of communication. And also, frankly, it's not, in my mind, the priority. The priority now is rendering assistance to thousands of displaced people who urgently need our assistance.

၁။ ၀န်ကြီးချုပ်ဗိုလ်ချုပ်ကြီးသိန်းစိန် ပုသိမ်တွင်ဆက်လက်နေထိုင် ကွပ်ကဲနေကြောင်း အစိုးရ မီဒီယာများက ဖော်ပြသည်။

၂။ မေ ၆ ရက်နေ့တွင် လိုင်ဖုန်း၊ ကသမျှင်၊ မိန်းမလှကျွန်း၊ ကျွန်းညိုကြီးကျွန်း၊ သင်္ဃန်းကြီး၊ ခလူဆိပ် စသည့် နေရာများတွင် ရဟတ်ယာဉ်ပေါ်မှာ အစားအစာနှင့် သောက်ရေများ တိုက်ရိုက်ချပေးခဲ့သည်။

၃။ မေ ၆ နေ့လည် နှစ်နာရီခွဲတွင် ထိုင်းလေတပ်လေယာဉ်ဖြင့် အစားအသောက်နှင့် ဆေးဝါး ကိုးတန် ရောက်ရှိခဲ့ သည်။ ထိုပစ္စည်းများကို ရန်ကုန်မှ ရဟတ်ယာဉ်များဖြင့် လေဘေးဒဏ်အများဆုံးခံ ရသည့် ဘိုကလေး၊ ဖျာပုံ၊ လပွတ္တာ၊ မော်လမြိုင်ကျွန်းမြို့ များသို့ ချက်ခြင်းဆက်လက်ပို့ဆောင်ခဲ့သည်။

၎။ ရန်ကုန်မြို့တွင် လုယက်မည်ဆိုသည့် ကောလဟာလများ၊ ငလျင်လှုပ်မည်ဆိုသည့် ကောလာဟလများ ပေါ်ပေါက်နေမှုကို မယုံရန်နှင့် သတင်းဖြန့်သူများကို သိရှိပါက သက်ဆိုင်ရာသို့ တိုင်ကြားရန် သတင်းထုတ်ပြန်ထားသည်။

၅။ အိန္ဒိယမှ စစ်သဘောင်္နှစ်စီး ကယ်ဆယ်ရေးပစ္စည်များနှင့် မေ ၇ ရက်နေ့တွင် သီလ၀ါ ဆိပ်ကမ်းသို့ရောက်ရှိမည်၊ လေယာဉ်နှစ်စီး ဖြင့်လည်း ထပ်မံပို့ဆောင်မည်ဟုသိရသည်။ တရုတ်နိုင်ငံမှ ဘိုရင်း ၇၄၇ တစ်စီးရောက်ရှိမည်ဟု သိရသည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံကလည်း လေယာဉ်တစ်စီး စေလွှတ်မည်ဟု သိရသည်။

၁။ အိန္ဒယရေတပ်သဘောင်္နှစ်စီး မေ ၇ ညနေ ၃ နာရီခန့်တွင် သီလ၀ါဆိပ်ကမ်းသို့ ရောက်ရှိပြီး ကယ်ဆယ်ရေး ပစ္စည်းများ၊ မီးစက်များလှုဒါန်းခဲ့သည်။

၂။ ယနေ့ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ထိုင်း၊ လာအို၊ တရုတ်၊ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ ဂျပန်နှင့် စင်္ကာပူနိုင်ငံများမှ လေယာဉ်များ ရောက်ရှိပြီး ကယ်ဆယ်ရေးပစ္စည်းများပေးပို့ခဲ့သည်။

၃။ မေ ၆ ရက်နေ့က မွေးမြူရေး/ရေလုပ်ငန်းဝန်ကြီး ဗိုလ်ချုပ်မောင်မောင်သိမ်းက သားငါး မွေးမြူရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံပြီး လေဘေးသင့်ဒေသများမှ ငါးလုပ်ငန်းများ၊ မွေးမြူရေးလုပ်ငန်းများ ပြန်လည်ထူထောင်ရေးအတွက် ဆွေးနွေးခဲ့သည်။

၎။ စီးပွားရေးလုပ်ငန်းရှင်များက ငွေသိန်းကိုးထောင်၊ သွပ်အချပ်နှစ်သိန်း၊ စားသုံးဆီအထုတ် တစ်သောင်း၊ Drip ပုလင်း တစ်သိန်းနှင့် သိန်းငါးရာတန်ဖိုးရှိသည့် ဆန်အိပ်များလှုဒါန်းခဲ့သည်။ ပုဂ္ဂလိကဆေးရုံဖြစ်သည့် ရွှေဂုံတိုင်ဆေးရုံက လေဘေးသင့်ပြည်သူများကို အခမဲ့ဆေးကုသခွင့် ပေးခဲ့သည်။

၅။ ဆောက်လုပ်ရေးကုမ္ပဏီကြီးများဖြစ်သည့် ဧဒင်၊ ဒဂုံအင်တာနေရှင်နယ်၊ ရွှေတောင်၊ ရွှေသံလွင်နှင့် အေရှားဝေါ်လ် တို့ကလည်း ရန်ကုန်မြို့တွင်းလမ်းများကို အပိုင်းလိုက် တာဝန်ယူပြီး ရှင်းလင်းပေး လျှက်ရှိသည်။

၆။ လေဘေးသင့်ပြည်သူများအတွက် လှုဒါန်းလိုပါက ငွေဖြင့်လှုဒါန်းလျှင် မြန်မာ့စီးပွားရေး ဘဏ်ခွဲ(၅) ငွေစာရင်း အမှတ် MD – 0000 48 အစိုးရအဖွဲ့ရုံး ညွှန်ကြားရေးမှူး ဦးခင်မောင်သန်း၊ ဖုန်းဖြင့် ဆက်သွယ်လှုဒါန်းလိုလျှင် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဒုတိယ၀န်ကြီး ဗိုလ်မှူးချုပ်ကျော်မြင့် ဖုန်း ၉၅- ၀၉ ၈၆ ၀၀၀ ၂၆ သို့ လှုဒါန်းနိုင်ကြောင်း အစိုးရက ကြေညာထားသည်။

၁။ ဘိုကလေး၊ လပွတ္တာ၊ ဖျာပုံ၊ ဟိုင်းကြီးကျွန်းဒေသများရှိ ရဟတ်ယာဉ်မဆင်းနိုင်သော ကျေးရွာများသို့ ရဟတ်ယာဉ်များမှ ကယ်ဆယ်ရေးပစ္စည်များ ချပေးနေသည့် ရုပ်ပုံများကို မေ ၇ ရက်နေ့ ည ၈ နာရီသတင်းတွင် ဖော်ပြသွားသည်။

၂။ ရန်ကုန်မြို့လယ် ဗိုလ်တထောင်၊ ပုဇွန်တောင်၊ ကျောက်တံတားမြို့နယ်ရပ်ကွက်အချို့တွင် လျှပ်စစ်မီးများ ပြန်ပေးခဲ့သည်။ ရေများပြန်လာနေပြီဖြစ်သည်။ ဈေးများပြန်ဖွင့်ပြီဖြစ်သဖြင့် ဆောက်လုပ်ရေးပစ္စည်းများမှအပ ကျန်ပစ္စည်းများ ဈေးအနည်းငယ်ပြန်ကျ သွားသည်ဟု သိရသည်။ လမ်းများ အားလုံးပြန်ပွင့်သွားပြီဖြစ်သည်။ လှိုင်သာယာ၊ ရွှေပြည်သာ၊ ကျောက်တန်း၊ ကွမ်းခြံကုန်း၊ ဒလ၊ ဒေါပုံ မြို့နယ်များတွင် ၀မ်းရောဂါကာကွယ်ဆေးများ ထိုးပေးနေသည်။

၃။ ရန်ကုန်ဆိပ်ကမ်းကို ပြန်ဖွင့်နိုင်ရေးအတွက် Monkey Point မှ ရန်ကုန်ဆိပ်ကမ်းကြား နစ်မြုတ် နေသော သဘောင်္များကို ဖယ်ရှားလျှက်ရှိသည်။ လက်ရှိအချိန်တွင် သီလ၀ါဆိပ်ကမ်းကိုသာ အသုံးပြု နိုင်ပြီး အိန္ဒိယစစ်သင်္ဘောများ သီလ၀ါဆိပ်ကမ်းတွင် ဆိုက်ကပ်ပြီး ကယ်ဆယ်ရေးပစ္စည်းများ ချပေးခဲ့ သည်။

၎။ ရန်ကုန်နှင့် မြစ်ဝကျွန်းပေါ်ကြား ရေလမ်းကြောင်းမှာ ပြန်လည်အသုံးပြုနိုင်ပြီဖြစ်သည်။ မေ ၇ ရက်နေ့ တွင် မလိခသင်္ဘော၊ ဗညားဦးသင်္ဘောနှင့် ဗညားဒလ သင်္ဘောများသည် ကယ်ဆယ်ရေး ပစ္စည်များ တင်ဆောင်ပြီး လပွတ္တာ၊ မော်လမြိုင်ကျွန်း၊ ဘိုကလေးမြို့များသို့ ထွက်ခွာသွားသည်။

၅။ မေ ၇ ရက်နေ့တွင် ရန်ကုန်သို့ လေယာဉ်ဖြင့်ရောက်ရှိလာမှုမှာ အောက်ပါအတိုင်းဖြစ်ကြောင်း သတင်းများတွင် ဖော်ပြထားသည်-

(က) ဂျပန်နိုင်ငံ။ မိုးကာတဲ ၃၃၀၊ မီးစက် ၅၀ လုံး။

( ခ) ဘင်္ဂလားဒေ့ရှ်။ ဆေးဝါးနှင့် ရေသန့်ဆေး ၂ တန်၊ အစားအစာနှင့် အ၀တ်အစား ၇ တန်။

( ဂ) လာအို။ အစားအစာ ၃ တန်နှင့် ဒေါ်လာ နှစ်သောင်း။

(ဃ) ထိုင်း။ ဆန် ၁.၂ တန်နှင့် ခေါက်ဆွဲခြောက် ၂ တန်။

( င) တရုတ်။ အသားခြောက် ၀ . ၆ တန်၊ ရေသန့် ၁. ၄ တန်၊ သွပ်၊ သံ ၃ တန်၊ ဖယောင်းတိုင် ၁. ၁ တန်။

( စ) အိန္ဒိယ။ ဆေးပစ္စည်း လေယာဉ် ၂ စီးစာ။

(ဆ) စင်္ကာပူ။ ဆေးပစ္စည်း ၃၆ ထုတ်။

၆။ မြန်မာ့အသံမှ အဆိုပါ ပစ္စည်းများကို ရဟတ်ယာဉ်၊ ကားများပေါ်သို့ ချက်ခြင်းပြောင်းတင်ပြီး လေဘေးဒဏ်ခံ ဒေသများထွက်ခွာသွားသည့်ပုံများ ရဟတ်ယာဉ်ပေါ်မှ တိုက်ရိုက်ချပေးနေသည့် ပုံများ ပြသသွားသည်။

၇။ UN စားနပ်ရိက္ခာအစီအစဉ်မှလည်း ရန်ကုန်ပတ်ဝန်းကျင်တွင် ဆန်များဝေနေပြီး ကယ်ဆယ် ရေးလေယာဉ် လေးစီး မေ ၈ တွင်ရောက်မည်ဖြစ်ကြောင်း ပြောကြားသွားသည်။

၇။ အနောက်နိုင်ငံအစိုးရများနှင့် အကူအညီပေးရေးအေဂျင်စီများက ၎င်းတို့ ၀န်ထမ်းများကို ဗီဇာ ထုတ်ပေးပြီး ၀င်ခွင့်ပြုရန်နှင့် ထိုဝန်ထမ်းများရောက်ရှိပြီးမှသာ အကူအညီများပေးပို့မည်ဖြစ်ကြောင်း ပြောကြားလျှက်ရှိသည်။

၈။ ရန်ကုန်မြို့ရှိ အမေရိကန်သံရုံးယာယီတာဝန်ခံက အမည်မဖော်ပြလိုသည့် အဖွဲ့အစည်းတစ်ခု၏ သတင်းအရ သေဆုံးသည့် အရေအတွက် တစ်သိန်း အထိရှိနိုင်ကြောင်းနှင့် မြန်မာအစိုးရအနေဖြင့် အမေရိကန် ကယ်ဆယ်ရေးအဖွဲ့ များကို တိုင်းပြည်အတွင်း အမြန်ဝင်ခွင့်ပြုသင့်ကြောင်း ပြောကြားသွားသည်။ နိုင်ငံခြားရေးဝန်ကြီး ရိုက်စ်ကလည်း အလားတူသဘောပြောဆိုခဲ့သည်။

၉။ NLD ကလည်း နိုင်ငံတကာအကူအညီပေးရေးအဖွဲ့များကို အကန့်အသတ်မရှိ ၀င်ခွင့်ပြုရန် နှင့် NLD အနေဖြင့် ထိုအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်ရန်အသင့်ရှိကြောင်း ကြေညာချက်ထုတ်ပြန် သွားသည်။ ရန်ကုန်မြို့တွင် NLD က ကယ်ဆယ်ရေးကော်မတီဖွဲ့ပြီး အနောက်နိုင်ငံအစိုးရများနှင့် INGO များအနေဖြင့် NLD ကယ်ဆယ်ရေးကော်မတီမှ တဆင့်သာ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်တောင်းဆိုမည် ဆိုသည့် သတင်းများ ပေါ်ထွက်နေသည်။

၁၀။ ပြည်ပနိုင်ငံများမှ လှူဒါန်းငွေများကို မြန်မာနိုင်ငံအစိုးရဘဏ်သို့ လွှဲပြောင်းရာတွင် အမေရိကန် အစိုးရ၏ တားမြစ်ကန့်သတ်ချက်များကြောင့် အခက်အခဲဖြစ်နေကြောင်း သတင်းများပေါ်ထွက်နေသည်။

၁။ မြန်မာနိုင်ငံမှ အကူအညီပေးရေးတပ်ဖွဲ့များကို ၀င်ရောက်ခွင့်မပြုလျှင် အင်အားသုံး ၀င်ရောက်ရန် အဆိုမူကြမ်းကို ပြင်သစ်နိုင်ငံက လုံခြုံရေးကောင်စီ၌ တင်သွင်းရန် မေ ၇ ရက်နေ့တွင် ကြိုးစား ခဲ့ကြောင်း၊ ဗြိတိန်၊ တရုတ်နှင့် ရုရှားတို့က ဆန့်ကျင်ခဲ့သောကြောင့် အောင်မြင်ခြင်းမရှိကြောင်း သတင်းများပေါ်ထွက်နေသည်။

၂။ မေ ၇ ရက်နေ့တွင် အမေရိကန်နိုင်ငံခြားရေးဌာနက မြန်မာသံရုံးတာဝန်ခံအား ခေါ်ယူပြီး ဘုရှ် အစိုးရမှ လေဘေး ဒုက္ခသည်များအတွက် ဒေါ်လာသုံးသန်းထောက်ပံ့မည်ဖြစ်ကြောင်းနှင့် မည်သည့်အကူအညီများ ပေးရန်လိုအပ်သည်ကို ဆုံးဖြတ်နိုင်ရန်အတွက် အမေရိကန်ကျွမ်းကျင်သူအဖွဲ့ကို မြန်မာ နိုင်ငံအတွင်းသို့ ၀င်ခွင့်ပြုရန်လိုကြောင်း ပြောကြားခဲ့သည်။

၃။ အီတလီနိုင်ငံမှ ကယ်ဆယ်ရေးပစ္စည်းတင် လေယာဉ်တစ်စီး မေ ၇ ရက်နေ့တွင် ထွက်ခွာသွားကြောင်းနှင့် မေ ၈ ရက်နေ့တွင် ရန်ကုန်သို့ ရောက်ရှိမည်ဖြစ်ကြောင်း အီတလီနိုင်ငံခြားရေး ၀န်ကြီးဌာနက ကြေညာသွားသည်။

၎။ ဗြိတိန်နိုင်ငံက ဒေါ်လာ ၁၀ သန်း၊ ဥရောပကော်မရှင်မှ ယူရို ၂ သန်းလှုဒါန်းမည်ဖြစ်ကြောင်း သိရှိရသည်။ ဥရောပကော်မရှင် လူမှုဂရုဏာအကူအညီပေးရေးရုံးမှ ကျွမ်းကျင်သူ လေးဦး မေ ၈ ရက်နေ့တွင် ရန်ကုန်သို့ ရောက်ရှိပြီး ကယ်ဆယ်ရေးလုပ်ငန်းများ ဆွေးနွေးမည်ဖြစ်ကြောင်း ဘန်ကောက်တွင် သတင်းထုတ်ပြန်ခဲ့သည်။

၅။ ရန်ကုန်ကြည့်မြင့်တိုင်၊ သာဓုပရိယတ္တိစာသင်တိုက်မှာ ရွှေည၀ါဆရာတော် ဦးဆောင်သည့် သံဃာတော်အပါး ၃၀၀ ခန့်သည် လမ်းရှင်းလင်းရေးလုပ်ငန်းများတွင် မေ ၄ ရက်နေ့မှ စတင်ပြီး စည်ပင်သာယာဝန်ထမ်းများနှင့် ပူးပေါင်း ကူညီလျှက်ရှိသည်။

၆။ ကယ်ဆယ်ရေးပစ္စည်းများ တင်ဆောင်ထားသည့် ရေတပ်သဘောင်္ ၇ စီး ရန်ကုန်မှ မေ ၈ မနက် တွင် ဧရာဝတီတိုင်းသို့ ထွက်ခွာသွားသည်။ ရန်ကုန်မြစ်ထဲတွင်လည်း စစ်သဘောင်္ ၄ စီးနစ်သွားပြီး အများအပြား သောင်တင်နေကြောင်း သိရသည်။

၇။ မော်လမြိုင်ကျွန်းတွင် ကယ်ဆယ်ရေးစက်လှေများဖြင့် အဖွဲ့ ၅ ဖွဲ့ခွဲပြီး ကျေးရွာများသို့ သွားရောက်ပြီး ကယ်ဆယ် ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ ဆေးကုသခြင်းများပြုလုပ်ပြီး အခြေအနေ ဆိုးဝါးသည့် ဒုက္ခသည် ခြောက်ရာခန့်ကို မော်လမြိုင်ကျွန်းမြို့သို့ ရွှေ့ပြောင်းပေးခဲ့သည်။ မော်လမြိုင်ကျွှန်းမြို့တွင် ကယ်ဆယ်ရေးစခန်း ၁၅ ခုဖွင့်ထားပြီး ဒုက္ခသည် ခြောက်ထောင့်ခုနှစ်ရာကျော်အား စောင့်ရှောက်ထားသည်။

၁။ ရန်ကုန်မြို့တွင် တစ်နေ့လျှင် ရေဂါလန် သန်း ၁၄၀ ပြန်လည်ပေးပို့နေပြီဖြစ်ကြောင်း စည်ပင်သာယာမှ ပြောကြားသည်။ ကျောက်တံတား၊ ပန်းဘဲတန်း၊ လသာ၊ လမ်းမတော်၊ ဗိုလ်တထောင်နှင့် ဒဂုံမြို့နယ်များတွင် နေ့စဉ်ရေ ဂါလန် ငါးသိန်းတိုက်ရိုက် ဖြန့်ဝေပေးလျှက်ရှိသည်။ ရေဖြန့်ဝေခြင်း မပြုနိုင်သောမြို့နယ် ၁၆ မြို့နယ်သို့ ရေကား အစီးသုံးဆယ်ဖြင့် နေစဉ် ရေဂါလန် တစ်သိန်းခွဲ ဖြန့်ဝေ ပေးနေသည်။

၂။ ယနေ့ညနေ သုံးနာရီအထိ ရန်ကုန်လေဆိပ်သို့ အီတလီ၊ ဘင်္ဂလားဒေ့ရှ်၊ တရုတ် (တိုင်ပေ)၊ အိန္ဒိယ၊ ထိုင်းနိုင်ငံ တို့မှ ကယ်ဆယ်ရေးပစ္စည်းတင် လေယာဉ်များရောက်ရှိခဲ့သည်။ စင်္ကာပူနိုင်ငံကမူ စင်္ကာပူလေကြောင်းလိုင်းမှတဆင့် ကယ်ဆယ်ရေး ပစ္စည်းများ ပေးပို့ခဲ့သည်။

၃။ မုန်တိုင်းဒဏ် အများဆုံးခံခဲ့ရသည့် ဖျာပုံ၊ မော်လမြိုင်ကျွန်း၊ လပွတ္တာ၊ ဘိုကလေးမြို့နယ်များသို့ မေ ၈ ရက်နေ့တွင် ရဟတ်ယာဉ် ငါးစီးဖြင့် ကယ်ဆယ်ရေးပစ္စည်းများပေးပို့ခြင်း၊ လူနာများ ပြန်လည်သယ်ယူခြင်းတို့ ဆောင်ရွက်လျှက်ရှိသည်။

၎။ ရှမ်းပြည်တောင်ပိုင်းမှ ပြည်ခိုင်ဖြိုး၊ ကြက်ခြေနီ၊ မီးသတ် ၃၀၀ သည် ကယ်ဆယ်ရေး ပစ္စည်းများနှင့်အတူ ရန်ကုန်မြို့သို့ ရောက်ရှိပြီး ကယ်ဆယ်ရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်နေကြောင်း၊ ကရင်ပြည်နယ်မှလည်း ကယ်ဆယ်ရေးအဖွဲ့ အင်အား ၁၀၀ ရန်ကုန်သို့ ရောက်လာကြောင်း မြန်မာ့အသံမှ ကြေညာသွားသည်။

၅။ ဟိုင်းကြီးကျွန်းသို့ ပုသိမ်မှ ဆန်အိတ်နှစ်သောင်းကို မေလ ၆ ရက်နေ့မှ စတင်ပြီး ပေးပို့လျှက် ရှိသည်။

၆။ ဒုက္ခသည်များအတွက် လှုဒါန်းမှုများ

(က) ရှမ်းပြည်နယ်မြောက်ပိုင်းပြည်သူများ ၁၄၆၉ သိန်း။

( ခ) ကမ္ဘောဇဘဏ် သိန်း သုံးထောင်၊ အာလူးပိဿာ ငါးသောင်းလေးထောင်၊ ကြက်ဥ လေးသိန်း။

( ဂ) ကချင်ပြည်နယ်ပြည်သူများ ၆၇၃၉ သိန်း။

(ဃ) မန္တေလေးတိုင်းပြည်သူများ ၂၅၃ သိန်း၊ သွပ် ၁၅၂၀၀ ချပ်၊ သံပေါင် ၂၀၈၀ နှင့် အစား အသောက်၊ အ၀တ်အထည်၊ ရေသန့်ဘူးများ။

( င) တနင်္သာရီတိုင်းပြည်သူများ ၅၃၀ သိန်း၊ ဆီပုံး ၁၅၀၀နှင့် သိန်း ၂၂၀ ဖိုးရှိ အစားအစာများ။

( စ) ရှမ်းပြည်တောင်ပိုင်း ပြည်သူများ ၁၂၇ သိန်း။

(ဆ) စစ်ကိုင်းတိုင်း ပြည်သူများ ၆၀၀ သိန်းနှင့် သိန်း ၄၀၀ ဖိုးရှိ အ၀တ်အထည်များ။

( ဇ) မွန်ပြည်နယ် ပြည်သူများ သွပ် ၁၃၅၀ ချပ်၊ သိန်း ၇၀ ဖိုးရှိ အ၀တ်အထည်များနှင့် လက်ဆွဲလွှစက်ငါးလုံး။

( ဈ) ဆီကုန်သည်များအသင်း ဆီ ၂၃၃၁၆ ပိဿာ။

(ည) မောင်ဝိတ်ကုမ္ပဏီ သိန်း ၅၀၀။

( ဋ) မြန်မာ့စီးပွားရေးဦးပိုင် ၁၀၈၉၅ သိန်း။

( ဌ) အလှုရှင် ၆၂ ဦး ၂၆၈၆ သိန်း။