Tuesday, August 19, 2008

ဝိညာဉ်တော်လက်နက်စုံ။

ထိုကြောင့်၊ ခဲယဉ်းဆိုးယုတ်သောနေ့ရက်ကာလ၌ ဆီးတားနိုင်သဖြင့် ကိစ္စ အလုံးစုံတို့ကိုပြီးစီး၍ ခံရပ်နိင်မည်အကြောင်း၊ ဘုရားသခင်ပြင်ဆင်တော်မူသော လက်နက်စုံကို ယူဆောင်ကြလော့၊
( ဧဖက်သြဝါဒစာ ၆း ၁၃ )



ဘုရားသခင်သည် ကျမကို အဘယ်သို့သော် ဒုက္ခဆင်းရဲကြုံသော်ငြားလည်း မယိုင်လဲဘဲ မားမားရပ်ရပ်၊ ရပ်တည် အသက်ရှင်နိုင်ဖို့ ခွန်အားပြည့် လက်နက်စုံကို ပေးသနားတော်မူပါတယ်။ ကျမ၏နှလုံးသား၊ ဝိညာဉ် မဆုံးရှုံး၊ မထိခိုက်ရအောင်လည်း ကွယ်ကာစောင်မတော်မူပါတယ်။ ဧဖက်သြဝါဒစာမှာ ပါတဲ့အတိုင်း ကျမကိုဝိညာဉ်တော် လက်နက်စုံဖြင့်လည်း ဆင်မြန်းပေးထားပါတယ်။ မှန်ကန်ခြင်းဆိုတဲ့ ခါးပတ်ကို ဝတ်ဆင်စေလျှက်၊ ဖြောင့်မတ်ခြင်း ဆိုတဲ့ ပါရမီ ရင်အုပ်တန်ဆာကို ပေးလျှက်၊ နုတ်ကပတ်တော်၏ ငြိမ်သက်ခြင်း ခြေစွပ်ကိုစွပ်လျှက်၊ အရာအားလုံးကို အောင်မြင်ကျော်လွားနိုင်သော ယုံကြည်ခြင်းဆိုတဲ့ အရာကို ခပ်သိမ်းသော လက်နက်တို့ အပေါ် ထပ်ဆင့်လောင်းပေးသနား ယုံသာမက၊ ကယ်တင်ခြင်း သံခမောက်ကိုဆောင်းပေးပြီး နုတ်ကပတ်တော်ကို ဝိညာဉ်တော် ဓားအဖြစ် ပေးအပ်ခဲ့ပါတယ်။ ဘုရားရှင်၏ မှန်ကန်ခြင်း၊ ဖြောင့်မတ်ခြင်း၊ ငြိမ်သက်ခြင်း၊ ယုံကြည်ခြင်း၊ ကယ်တင်ခြင်းနှင့် နုတ်ကပတ်တော် တရားများသည် ကျမကို ပြည့်စုံသော လက်နက်အဖြစ် ပေးသနားတော်မူလျှက် ကျမသည်ရန်သူဘေး၊ ဒုက္ခပေါင်းမြောက်မြားစွာတို့မှ လွတ်မြောက်ရသော အခွင့်၊ မယိုင်လဲဘဲ၊ မားမားမတ်မတ် ရပ်တည်နိုင်သော အခွင့်ကို ပေးသနားတော်မူသော ကျေးဇူးတော်ကို ချီးမွမ်းပါ၏။ အောင်မြင်မှု့ပေါင်းစုံကို ပေးသနားတော်မူမှာ ဖြစ်တဲ့ အတွက်လည်း ကျေးဇူးတော်ကို ချီးမွမ်းပါ၏။ ဘုရားကျမကို တယောက်တည်း လွတ်မထားဘဲ၊ ကျမဘဝ၊ အသက်တာ၌ အခက်အခဲ၊ စာတန်မာနတ်၏ အနှောက်အယှက် အလုံးစုံတို့မှ လွတ်ငြိမ်းချမ်းသာ အောင်မြင်မှု့ခြင်း အခွင့်များကို၊ ပေးသနားတော်မူသောကြောင့် ကိုယ်တော်၏ ကျေးဇူးတော်ကိုချီးမွမ်းပါ၏။ ကျမသည် အရာရာကို ကျော်လွား၊ အောင်မြင်၊ ငြိမ်သက်ခြင်းကို ရရှိလျှက် ကိုယ်တော်၏ နုတ်ကပတ်တော်မြတ်၌ မွေ့လျှော်ရသော အခွင့်ကိုပွေ့ပိုက်လျှက် အသက်ရှင်သွားနိုင်ပါ၏။ တပါးတည်းသော သားတော် သခင်ယေရှု၏ မြတ်သော အမည်နာမ၌ တောင်းလျှောက်ပါ၏။ ။ အာမင်။

0 comments: