Monday, August 11, 2008

8.8.88


မတင်ဖြစ်ခဲ့တဲ့ ခံစားချက်တရပ်၊ သူငယ်ချင်းတွေကို ဝေဌလိုက်တယ်နော်။

နှလုံးခုန်သံရပ်၊ စကားမဲ့လို့၊ တွေတွေလေးငေး၊ အတွေးတွေက၊ အတိတ်ဆီကို တရိပ်ရိပ်နှင်လို့၊ စိတ်အစဉ်က ဆောက်တည်ရာမရနဲ့ပေါ့။

သူငယ်ချင်းတယောက်က ပြောတယ် ၈.၈.၀၈ တဲ့ လပ်ကီးနေ့စွဲတဲ့လေ။
သူငယ်ချင်းရယ် လွန်ခဲ့သော နှစ် ၂၀မှာ တို့နိုင်ငံဒီလိုနေ့လေးက လူပေါင်း ၃၀၀၀ကျော် လောက် သွေးမြေကျခဲ့တဲ့ နေ့ရက်ဆိုတာ မင်းသိရင် လပ်ကီးနေ့လို့ပြောအုံးမလား မေးလိုက်ချင်ပေမဲ့၊ စကားသံတွေက ဆွံအ လို့ ထွက်မလာပါဘူး။

သြဂုတ်လမှာ မွေးတဲ့သူက ထူးရင်ထူး၊ မထူးရင်ရူး ဆိုပြီး၊ သြဂုတ်လမှာ မွေးသူကို လပ်ကီးလ သားသမီးတဲ့လေ။ အရွယ်မတိုင်ခင်မှာ သွေးမြေကျခဲ့တဲ့၊ လူငယ်လေးတွေကို သတိရ ရင်း သူတို့တွေအတွက် သြဂုတ်လက လပ်ကီးလမှ ဖြစ်အုံးမလား ကိုယ့်ကိုယ်ကို မေးမိတယ်။

အိမ်ရှေ့မှာ စစ်ကားကြီး ညကြီးအချိန်မတော်လာရပ်၊ အိမ်က သူကိုခေါ်သွားတာ၊ သတင်းမကြား၊ ဘယ်ဆီရောက်၊ ဘယ်ပေါက်လို့၊ ဘယ်လိုက်ရှာရမယ်မသိ၊ သေဆုံးပြီတဲ့ဆိုတဲ့ သတင်းရမှ အော်သူကအဲဒီကိုရောက်နေတာပါလားလို့ သိရတဲ့၊ ကျန်ရစ်သူ မိသားစုအတွက်၊ သြဂုတ်လက လပ်ကီးလ လား။

ဘဝတခုကို အခြေအနေတခုအဖြစ်သို့ပြောင်း မြေလှန်လိုက်တဲ့ ဒီသြဂုတ်လက မြန်မာပြည်သားများအတွက် ဘယ်လိုပြောရမလဲဟင်... စကားလုံးရယ် ရှာပေးပါကွယ်၊

ပြောပြချင်တယ်၊ စကားသံတွေဟာ၊ သံစဉ်မဲ့လို့၊ ရင်ထဲကနေ ထွက်ကို မလာတော့ပါဘူး၊ ဒါပေမဲ့လေ..... သူငယ်ချင်းတို့ရေ နားလည်လိမ့်မယ်လို့ထင်ပါတယ်နော်............

0 comments: