Friday, July 18, 2008

ဇူလိုင် ( ၁၉ )


ဇူလိုင် ( ၁၉ ) မှာ ကျဆုံးခဲ့သော အာဇာနည်ခေါင်းဆောင်ကြီးများကို ဒီကဗျာလေး ဖော်ပြခြင်းဖြင့် ဤနေရာမှ လေးစားစွာ ဂုဏ်ပြုလိုက်ပါသည်။ ထို့ပြင် လူမသိ သူမသိ၊ မထင်မရှား တိုင်းပြည်အတွက် အသက်စွန့်ကာ၊ ဗြိတိသျှ လက်၊ ဂျပန်လက်မှ လွှတ်မြောက်အောင် တိုက်ပွဲဝင်ခဲ့သော ရဲဘော်များ အားလုံးကိုလည်း ဂုဏ်ပြုခြင်း အထိမ်းအမှတ်နှင့် အလေးပြုလိုက်ပါ၏။



“ ပြောလိုက် ပါဘိ ဟောပါဘိ ”

ငါ့ညီပြောင်ဝင်း ၊ မောင်သစ်မင်း
မင်း၏သက်လှယ် ၊ မင့်သားငယ်သည်
သက်နှစ်ဆယ်ပင် ပြည့်ခဲ့ပြီ

သူသုံးနှစ်သား ၊ ဖေါ်ချင်းများနဲ့
အူယားဖားသား
ကစားရာမှ ၊ နွားရုပ်ချ၍
နတ်ကျသည့်သွင် ၊ မင်းရင်ခွင်သို့
ပြေးဝင်ပုန်းလာ ၊ သူ့မူရာကို
ငါ မြင်ခဲ့၏ မှတ်မိ၏

မိုးကစိုစို ၊ ကျီးအုပ်ပြို၍
ထိုမှ ဤမှ ၊ တို့လမ်းမတွင်
ပျံကြ၀ဲကြ ၊ ငရဲထသို့
အုံကြွမြည်အာ ၊ မသာယာကို
ငါ ကြားခဲ့၏ မှတ်မိ၏

ထိုနေ့၌ပင် ၊ ထိုချိန်ထင်၏
သခင်အောင်ဆန်း ၊ ပြည်သူ့ပန်းသည်
ပွင့်လန်းခါစ ၊ ကြွေလိုက်ရ၏
မြေခသတင်း ၊ မိုးကြိုးခွင်းသို့
အိမ်တွင်း အိမ်ပြင် ၊ တို့လမ်းခွင်၌
မချင်မရဲ ၊ ၀မ်းနဲခံခက်
မျက်စိမျက်နှာ ညိုးကြရှာသည်
ရွာဦးပိုင်းမှ ၊ သင်္ချိုင်းထိ

ငါ့ညီပြောင်ဝင်း ၊ မောင်သစ်ဆင်း
မင်း၏ သားငယ် ၊ နှစ်ဆယ်သက်စစ် ၊ သူတို့ခေတ်၌
တိုင်းချစ်ပြည်ခင် ၊ မြတ်စေချင်၏
မင်းမြင် ငါကြား ၊ စကားဥဒါန်း
ဆန်း၏ သတ္တိ ၊ ဆန်း၏ သမာဓိ ၊ ဆန်း၏ ပညာ
ဆန်းမှာ ဆုံပေါင်း ၊ ယောင်္ကျားကောင်းတို့ ၊ ခေါင်းဆောင်သဘော
မင့်သားချောကို
ပြောလိုက်ပါဘိ ဟောပါဘိ ။ ။

( ဇော်ဂျီ )


0 comments: